အိပ်ရေးပျက်ညတွေများလာတော့ အိပ်မက်တွေလည်း ကမောက်ကမ.....
တချို့တ၀က်က ၀မ်းစာမပြည့်ခဲ့ရှာဘူး..........။
*****************************************************
လက်ဖက်ရည်ဆိုင်တစ်ဆိုင်ထဲမှာ ကျွန်တော်ရောက်နေတယ် ။
ဘယ်က ဘယ်လိုရောက်နေရတယ်တော့မသိဘူး ။
ဒီဆိုင်က ဘယ်မြို့ ဘယ်ရပ်ကွက် က ဘယ်သူ့ဆိုင်မှန်းလဲ မသိဘူး ။
ကျွန်တော်နဲ့စားပွဲတစ်ဝိုင်းတည်း ရှေ့တည့်တည့်မှာ လူတစ်ယောက် ထိုင်နေတယ် ။
သူ ဘယ်သူမှန်းလည်း ကျွန်တော်မသိပြန်ဘူး ။ တစ်ခါမှလည်း မမြင်ဖူးဘူးလေ ။
သူလည်း ကျွန်တော့်ကို သိဟန်မတူပါဘူး ။ စာရွက်တစ်ရွက် ၊ ဘောပင်တစ်ချောင်းနဲ့
သူ့ဘာသာရေးလိုက်ခြစ်လိုက် ခေါင်းရမ်းလိုက် တစ်ကိုယ်တည်း အလုပ်ရှုပ်နေပုံ ။
အဲ့ဒီလူက မျက်မှန်ထူထူကြီးတပ်ထားတယ် ။ တစ်ဝိုင်းတည်းထိုင်နေပြီး ကျွန်တော့်ကို
ဘာစကားမှလည်းမပြော ။ သူ့ဘာသာမျက်မှောင်ကြီးကုတ်လို့ အခုပဲ ကမ္ဘာကြီးကို
ထ ကယ်တင်လိုက်တော့မယ့်အတိုင်း ။ ဟန်ရေးပြလိုက် စာရွက်ကောက်ခြစ်လိုက် ။
ဂိုက်စပေါက်အပြည့်ဆိုတာ ဒါမျိုးထင်ပ ။ ထားပါတော့ ။ ဒင်းကတော့ သူ့အာရုံနဲ့သူ အဟုတ် ။
ကျွန်တော့်ခမျာ တော်တော်ကြီး ကမောက်ကမ နိုင်လွန်းနေတယ် ။ တစ်ဆိုင်လုံးက လူတွေက
ကျွန်တော့်ကို သိဟန်မတူဘူး ။ ကျွန်တော်ကလည်း သူတို့ကိုမသိဘူး ။ ရှေ့ကဆရာသမားလို
ရေးခြစ်နေဖို့ ကျပြန်တော့လည်း ကျွန်တော့်မှာ ဘာဆိုဘာမှကို ပါမလာတာ ။
ဆက်ပဲထိုင်နေရမလိုလို ထပဲထွက်သွားရမလိုလို ဘာလုပ်ရမှန်းမသိတာနဲ့
ဘာမှမလုပ်ပဲ အူကြောင်ကြောင်နဲ့ ငုတ်တုတ်ကြီး ဆက်ထိုင်နေမိတယ်။
" ကဗျာဆိုတာကကွာ "
" ဗျာ "
ရှေ့က ဆရာသမားက တစ်ယောက်တည်းပဲ ညည်းသလိုလို၊
ကျွန်တော့်ကိုပဲ လှမ်းပြောသလိုလိုနဲ့ ဘယ့်နှာကြီးမှန်းလဲမသိဘူး ။
တော်တော်စိတ်ပိန်စရာကောင်းလှပါတယ် ။
" ကာရံက အသက်ပဲကွ "
" အော် "
သေချာပြီ ကျွန်တော့်ကိုပြောနေတယ်ဆိုတာ ။
ဒင်းက ကျွန်တော့်ဘက်ကို မျက်နှာလှည့်လာပြီကိုး။
" ကာရံမပါတဲ့ ကဗျာတွေက ကုန်းပေါ်ရောက်လာတဲ့ သင်္ဘောသားလိုပဲ "
" ဟမ် ဘယ်လို "
" ကြည့်ရရှုရ တာ အချိုးမပြေတာကို ပြောတာ "
" အော အဲ့လို "
" ကာရံဆိုတာက ဥပမာကွာ "
" အင်း "
" စာသင်နေခိုက် ပျင်းရိငိုက် လူမိုက်မောင်ကုလား ဆိုတာမျိုး ကဲ မလှဘူးလားကာရံလေး "
" အင်း လှတယ် "
" ရွတ်လို့ဖတ်လို့ကောအရသာမရှိပေဘူးလား "
" ကောင်း ကောင်းပါတယ် ဒါနဲ့ ကျုပ်ကိုဘာရည်ရွယ်နဲ့ဒါတွေပြောနေတာလဲဟင် "
" ကာရံဆိုတာကဗျာရဲ့အသက်ကွ ကာရံမဲ့ကဗျာတွေ ရေးနေ ဖန်တီးနေကြတာတွေ
ငါ နည်းနည်းမှမကျေနပ်ဘူး ဒင်းတို့တွေ အနှစ်သာရအပြည့်နဲ့ ဂန္တ၀င်ကဗျာတွေကို
ဖျက်ဆီးနေကြတာပဲ ရေးချင်သလိုရေးရင် ကဗျာဖြစ်ပြီထင်နေတာတွေ ငါသိပ်ရွံတယ် "
" ဟမ် အဲ့ဒါတွေကျုပ်နဲ့ဘာဆိုင်တုန်းဗျ နောက်ပြီး ပြောရအုံးမယ် ခင်ဗျားသိပြီးသားလည်း
ဖြစ်ချင်ဖြစ်မှာပဲ ဆရာကြီး မင်းသုဝဏ်ရဲ့စကားပါ့ ကာရံမဲ့ဆိုတာ ကဗျာမှာမရှိဘူး
ကာရံလွတ်လပ်တာပဲရှိတယ် အသံပါတယ် ရစ်သမ်ပါတယ် ကာရံနဲ့ရစ်သမ်တစ်ခုခုမပါရင်
ကဗျာမဟုတ်ဘူး ဖရီးဗာ့ (free verse) ဆိုတာကို ကာရံမဲ့လို့ တလွဲဘာသာပြန်နေကြတယ်
အမှန်က ကာရံမဲ့တာမဟုတ်ဘူး ကာရံကို လွတ်လွတ်လပ်လပ်ယူနိုင်တာပဲ free ကို မဲ့ နဲ့ လွတ်လပ်
အဓိပ္ပါယ်မှားပြီး ဒီမှာယူဆနေကြတာ ပြီးတော့ ကဗျာလိုင်စင်-ပွတ်တစ်ပ်လိုင်စင် ဆိုတာလည်း
ရှိတာပါပဲဗျာ တဲ့ "
" သူ့အယူအဆကို ငါက မျက်စိမှိတ်ခေါင်းညိတ်နေမယ့် ခပ်တုံးတုံး ကောင်များ မှတ်နေလား "
" ဟားဟား ခင်ဗျားကရယ်ရတာပဲ ဒီမယ် ကိုယ့်ဆရာ ခင်ဗျားဘာသာ ယုံတာ မယုံတာက
ခင်ဗျားအပိုင်း ခင်ဗျားမယုံလို့လည်း ရေစီးကြောင်းကြီးက ပြောင်းသွားမှာမဟုတ်သလို ခင်ဗျား
မယုံဘူးဆိုတာ ခင်ဗျားအနေနဲ့ အဲ့ဒါတွေကို စနစ်တကျ မချဉ်းကပ်ခဲ့ဖူးလို့လည်းဖြစ်နိုင်တယ်
ဒါမှမဟုတ် ချဉ်းကပ်ဖို့ လုံးလုံးစိတ်မ၀င်စားတာဖြစ်မယ်
တစ်ခုခုကို စိတ်ဝင်တစားမရှိတဲ့သူတစ်ယောက်က အဲ့ဒီအပိုင်းကို ဘာမှမခံစားတတ်တာ
လက်မခံနိုင်ဖြစ်ရတာ မဆန်းဘူး အဲ့ဒီတော့ ယုံတဲ့သူတွေဆက်လုပ်ကြလိမ့်မယ် လုပ်နိုင်သူတွေ
လုပ်နေကြတာကို ခင်ဗျားအနေနဲ့ ဘာမှမကျေမနပ်ဖြစ်နေစရာမလိုဘူးလို့ မထင်ဘူးလားဗျာ "
" ကောင်းပြီလေ အဲ့ဒါကိုထားလိုက်ပါအုံး တစ်ခုမေးမယ်
မောင်ရင် ဂန္တ၀င်ကဗျာတွေနဲ့စာရင်မော်ဒန်တွေ ကသောင်းကနင်းနိုင်တာကို လက်ခံရဲ့လား "
" ၀မ်းနည်းပါတယ်ဗျာ ခင်ဗျားပြောတာကို လက်မခံနိုင်ပါဘူး "
" ဒါဆိုလည်း အဲ့သည်နှစ်ခုမှာ ဘယ်ဟာကပိုပြီး တန်ဖိုးကြီးသလဲဆိုတာ နှိုင်းယှဉ်ပြစမ်းပါ "
"ဟာဗျာ ဒါကတော့ ခင်ဗျားနှယ် ကတ်သီးကတ်သတ် "
" လုပ်စမ်းပါ မောင်ရင်သိသလောက် "
" ဟို ဟိုလေ မပြောလို့မရဘူးလား "
" အမြင်ချင်းဖလှယ်တာပါမောင်ရင်ရာ ပြောမှာသာပြောစမ်းပါ "
" ကောင်းပြီလေ ဒီလိုဗျာ ဂန္တ၀င်နဲ့မော်ဒန်ဆိုတာက....... "
" ၀ုန်း ဂလွမ်း ခွမ်း "
" အာ ဘာသံတွေလဲကွာ "
ရုတ်တရက်ကြီးပွက်လောရိုက်လာတဲ့ဆူညံသံတွေကြောင့် စိတ်ပျက်လက်ပျက်ထအော်မိသည်။
အိပ်ယာဘေးကပ်ရက်စားပွဲပေါ်ကစားပွဲတင်နာရီလေးကြမ်းပြင်ပေါ်ကျနေတာကိုတွေ့မှ
" မိရွှေဝါတို့လုပ်ချလိုက်ပြန်ပြီထင်တယ် ဟူး တော်ပါသေးရဲ့ ဒင်းကယ်လို့ နို့မို့
ငါအိပ်မက်ထဲမှာ ဘယ်လောက်တောင်တိုင်ပတ်နေဦးမယ်မသိဘူး "
ခုတင်ခြေရင်းမှာ သူနဲ့မဆိုင်သလိုလို ကွေးကွေးလေးဝင်ခွေနေတဲ့ကြောင်မလေးမိရွှေဝါကိုပဲ
ရှဲရှဲထအော်ပြရမလိုလို။ ရှဲရှဲသွားလုပ်ပြလည်းဒင်းနာလည်မှာမဟုတ်ပါဘူးလေ။
တိရစ္ဆာန်ပဲ လူလိုမှအသိမရှိတာ။
တော်ကြာသူ့ကိုမျက်စိနောက်အောင်လုပ်ပြနေပါတယ်ဆိုပြီးထကုတ်ခြစ်နေမှအခက်။
ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ကြောင်းတော့တိုးတိုးလေးရေရွတ်မိတယ်။
" ကျေးကျေးပါ ရွှေဝါရေ "
" ပါးစပ်ကပဲ ကျေးဇူးတင်မနေပါနဲ့ "
" ဟာ ညွတ်ချာဖျား မာတာအမိကယ်ပါ "
ဘာတွေဖြစ်ကုန်ပြီလဲ ။ကျွန်တော်အိပ်ပျော်နေဆဲကာလအတွင်းလေးမှာ လောကကြီးက
အဲ့သလောက်တောင်ပြောင်းလဲသွားပြီလား။တစ်ခုခုတော့အကြီးအကျယ်လွဲမှားနေပြီ
ထင်သည်။တိရစ္ဆာန်တစ်ကောင်ဖြစ်သော ကြောင်မလေးမိရွှေဝါထံမှ လူစကားသံ ပီပီသသကြီး
ထွက်လာသောကြောင့်ကျွန်တော်လန့်သွားရပြီး အိပ်ယာပေါ်လှဲနေရာမှ ငေါက်တောက်ထထိုင်မိသည်။
" စော စောနက စကားပြောလိုက်တာ နင် နင်လား မိရွှေဝါ "
မယုံမရဲမေးမိသည်။ဒါကိုမိရွှေဝါက မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး
" ဟုတ်တယ်လေ ဘာဖြစ်လို့ လဲ "
" မိရွှေဝါ နင် နင် မနောက်နဲ့ နော် "
" ရော် ဘာကိစ္စနောက်ရမှာလဲ ပုံစံကိုက အူကြောင်ကြောင်နဲ့ "
" အင် မ မဟုတ်သေးဘူးလေ နင် နင် က ကြောင် ကြောင် လေ "
" အင်းလေ အဲ့တော့ဘာဖြစ်လဲ "
" ကြောင်က လူစကားမပြောရဘူးလေဟာ "
" ဘယ်ဘုရားကဟောထားခဲ့လို့ လဲ "
" အု "
တတ်သမျှ၊မှတ်သမျှ ဘုရားဟော တရားတော်တွေအသည်းအသန်ပြန်စဉ်းစားကြည့်မိသည်။
ကျွန်တော်ကပဲ သွေးပျက်နေလို့ လား။ ဗဟုသုတပဲ ခေါင်းပါးလေသလား။
ဒါမှမဟုတ် ဘယ်ဘုရားကမှ တကယ်မဟောခဲ့လို့လားတော့မသိ ။
ခေါင်းထဲပေါ်လာသမျှ တရားတော်တွေထဲမှာ "ကြောင်သည်လူစကားမပြောရ "
ဟူသော အဆိုအမိန့်က ရေးရေးလေးတောင်မတွေ့ ဖြစ်နေရသည်။
" ဒါ ဒါကတော့ ဘုရားဟောမှသိရမယ့်အရာမျိုးမှမဟုတ်တာ
သဘာဝချင်းမတူဘူးလေဟာ အဲ့ဒီတော့နင်လူစကားမပြောနဲ့ "
ကျွန်တော်စိတ်ညစ်ညစ်နဲ့ ဖိဟောက်ပစ်လိုက်သည် ။
မိရွှေဝါတို့ကြောက်မယ်ထင်သလား...ဝေးသေး။
နှုတ်ခမ်းမွှေးတွေထောင်တက်လာအောင်နှုတ်ခမ်းစူပြနေသေး၏။
ကြည့်ရမြင်ရတာ အဆင်မပြေလိုက်တာ ။ တောက်ခ် ကြောင်စုတ်မ ။
" ဘာဖြစ်လဲပြောတော့ ငါ့ပါးစပ်နဲ့ငါပြောတာပဲ "
" ဟမ် နင်ကကြောင်ပါဆို "
" သိပါ့တော် "
" သိရင်လူစကားမပြောနဲ့ "
" ဟဲ့ ကိုယ့်ပါးစပ်နဲ့ကိုယ်ပြောတာ နင်နဲ့ဘာဆိုင်တုန်း "
အံမာ လာလာချည်သေး။ကြောင်မကများနှုတ်သီး လာကောင်းပြနေရတယ်လို့။
" နင်နော် ကြောင်ပါးမ၀နဲ့ "
"နင်သာ လူပါးဝနေတာ ငါ့ပါးစပ်နဲ့ငါပြောတဲ့ဟာကို နင့်စီးပွါးအိုး တုတ်နဲ့တက်ထိုးနေလို့လား "
" အဲ အဲ့လိုလဲမဟုတ်ဘူးလေ "
" ဘာမဟုတ်တာလဲ နင်တို့လူတွေဟာလေ တော်တော်တရားကျဖို့ကောင်းတယ်
စောစောကကျတော့ ငါ့ကိုကျေးဇူးတင်သလေးဘာလေးနဲ့ ဟွန်း အခုကျတော့
ကက်ကက်လန်ရန်တွေ့နေလိုက်တာ အံ့သြပါ့တော် "
" ဗျာ "
" ဘာမှမဗျာနဲ့နင်တို့လူတွေကို အဲ့ဒီကျေးဇူးဆိုတဲ့စကားနဲ့ပတ်သက်ပြီးငါကြည့်မရတာကြာပြီ "
" ဘာ ဘာဖြစ်လို့လဲဟ "
" ဘာဖြစ်ရမှာလဲ ကျေးဇူးဆိုတဲ့စကားကို လေအလကားရတိုင်း အလွယ်ပြောပြောနေကြတယ်
တကယ့်စိတ်ထဲကကျေးဇူးတင်တာလဲမဟုတ်ပဲနဲ့ အလကား အာပလာတွေ နင်တို့လူတွေကိုငါ
စိတ်ပျက်လိုက်တာဟယ် စကားကိုပြီးစလွယ်ပြောနေကြတော့တာပဲ "
" အဲ့လိုကြီးလဲမဟုတ်သေးဘူးလေဟာ အလ္လာပ သလ္လာပ ဆိုတဲ့ အတိုင်း... "
" တော် တော် နင်တို့လူတွေရဲ့ ထုံးစံအတိုင်းဆင်ခြေဆင်လက်တွေတတွတ်တွတ်
လာရွတ်ပြမနေနဲ့ နင်လည်းတစ်ခြားသူတွေလို အတူတူပဲ ကျေးဇူးဆိုတဲ့စကားကို
ပေါက်လွတ်ပဲစား ပြောတယ် "
" ဟမ် ဒါတော့ နင်လွန်ပြီ ငါဘာအမှားလုပ်မိလို့ လဲ "
" ဟဲ့ လူကောင် ရူးချင်ယောင်ဆောင်မနေနဲ့နင်ပဲငါ့ကိုကျေးဇူးတင်ပါတယ်
ပြောပြီး နင်ပဲ ငါ့ကိုရန်လုပ်နေတာလေ "
" အာ ဒါက ဟို ဟိုလေဟာ "
" တော် တော်တော့ အပြောင်းအလဲမြန်လွန်းတဲ့နင်တို့လူတွေကို ငါစိတ်ကုန်တယ်
လူစကားပြောရတာငါ့ပါးစပ်သနတယ်ဟဲ့ အခုအချိန်ကစပြီးလူစကားမပြောတော့ဘူး ဒါပဲ "
" ဟာ အဲ့လိုမလုပ်နဲ့ လေ ငါရှင်းပြပါရစေဦး "
ညောင်
" ငါ ရုတ်တရက်ကြီးဆိုတော့ အံ့သြသွားလို့ပါဟ "
ညောင်
" ငါနင်ထင်သလို အပြောင်းအလဲမြန်တဲ့သူမဟုတ်ပါဘူးဟ လူစကားပြောလေဟာ "
ညောင်
" မိရွှေဝါ ငါ့ကိုစကားပြန်ပြောပါဆို "
ညောင်
" ဘယ်ဘုရားမှ မဟောခဲ့ဘူးလေ "
ညောင်
" ငါစိတ်တိုလာပြီနော် "
ညောင်
" မိရွှေဝါ နင်လူစကားမပြောဘူးလား ငါထကန်မိတော့မယ် "
ညောင်
" ဟာကွာ ကဲ ဒီလောက်တောင်ကြောင်ပါးဝချင်တဲ့ ကြောင်မ "
"၀ုန်း " " ဘုံး " " အားကျွတ်ကျွတ် "
ကုတင်ပေါ်ကနေ ပစ်စလက်ခတ်ကြီးပြုတ်ကျလာသောကြောင့်
အီစလံဝေသွားရသည်။ ကြမ်းပြင်ပေါ်မှ လူးလဲထလိုက်ပြီး အခန်းထဲကိုဝေ့ကြည့်မိတော့
မိရွှေဝါလဲမရှိ။နာရီကလဲ စားပွဲပေါ်မှာ ပကတိအတိုင်းခပ်တည်တည်ကြီးထိုင်နေသည်။
" ဟာကွာ ဘယ်လိုဖြစ်ရတာလဲ ဒါကလည်း အိပ်မက်ပဲလား "
ဘယ်လိုကြီးမှန်းလဲမသိ ။ အိပ်မက်ထဲမှာပဲ အိပ်မက်ထပ်မက်ရတယ်လို့ ။
တော်တော်အူကြောင်ကြောင်နိုင်တာပဲ။ ရီစရာကြီး ဟီးဟီး။
ကြိတ်ရယ်မိသည်။အကျယ်ကြီးတော့အော်မရယ်ရဲ။တော်ကြာ
သည်အချိန်ကြီးတဟီးဟီး တဟားဟား အော်ရယ်ရမလားဆိုပြီး ဖားသားကြီး
လက်သီးထက် ပိုကြောက်ရသော မားသားကြီးပါးစပ်နဲ့ သာမန်ပွဲချိန်တင်မက
အချိန်ပိုတွေ ပင်နယ်တီတွေအထိပါ တွေ့ သွားနိုင်သည်။ ဟုတ်တယ်လေ ။
စားပွဲပေါ်ကနာရီဒိုင်ခွက်မှာပြနေတာက ၁၂ နာရီ ၁၅ မိနစ် မတိတတိ။
မားသားကြီးပြောနေကြစကားအတိုင်းပြောရရင် " လူအိပ်ချိန်ကြီး " ဖြစ်သည်။
အတော် ဂွတီးဂွကျနိုင်တဲ့စကားလည်းဖြစ်၏။
သည်အချိန်မအိပ်ရင်ပဲ ကိုယ်က လူ မဟုတ်သလိုလို။
" လူမဟုတ်တော့ ဘာအရေးလဲကွာ ဗိုက်ဆာတယ်မီးဖိုချောင်ထဲ သွားမွှေကြည့်ဦးမယ် "
မီးဖိုချောင်ဘက်ထွက်ခဲ့လိုက်သည်။
" ဟာ သူခိုး "
ကျွန်တော့်အခန်းနဲ့မီးဖိုချောင်ရဲ့ကြားမှာ ဧည့်ခန်းရှိသည်။
ယခု ဧည့်ခန်းထဲမှာ မဲမဲ မဲမဲနဲ့လူတစ်ယောက်ကိုတွေ့လိုက်ရ၏။
အမှောင်ထဲမှာမအိပ်တတ်လို့စာကြည့်မီးဖွင့်အိပ်တတ်သောအကျင့်ကြောင့်
ကျွန်တော့်အခန်းက မှုန်ပျပျလေးအလင်းရောင်သန်းနေသော်လည်းဧည့်ခန်းနှင့်
မီးဖိုချောင်ဘက်မှာက မီးပိတ်ထား၍ရိုးတိုးရိပ်တိတ် မြင်ရရုံသာရှိ၏ ။
လူလုံးလူဖန် မသဲကွဲ။ဖားသားကြီးနဲ့မားသားကြီးကအပေါ်ထပ်မှာအိပ်သည်။
သည်အချိန်ကြီးဆင်းလေ့ဆင်းထမရှိ။ သူတို့ဆိုရင်လဲ မီးခလုတ်ဖွင့်မှာပဲလေ။
တစ်အိမ်လုံးပေါင်းမှ လူသုံးယောက်သာရှိသောကြောင့် ဒါသူခိုးပဲဟုကျွန်တော့်စိတ်က
တန်းသိလိုက်ပြီ။ဧည့်ခန်းဘက်ကို ခြေဖွဖွလေးနင်းလျှောက်လာပြီး အခြေအနေကို
ဂရုစိုက်ကြည့်ကာ အကဲခတ်မိတော့........
" အံမာ အံမာ သူခိုးကအတင့်ရဲလှချည်လား ဧည့်ခန်းထဲက ဆိုဖာခုံပေါ်မှာတောင် ဇိမ်ပြေနေပြေ
ဝင်ထိုင်နေသေးတယ် သူ့အိမ်များမှတ်နေလား မသိဘူး တွေ့ကြသေးတာပေါ့ကွာ "
ကျွန်တော်စိတ်ကိုတင်းပစ်လိုက်သည်။ဘာကြောက်စရာရှိလဲ ငါကအိမ်ကွင်းပဲဟာ ဟု
ဇွတ်တွေးယူလိုက်ပြီး သူခိုးရှေ့တည့်တည့်ဆိုဖာခုံပေါ်မှာ ၀င်ထိုင်ပစ်လိုက်သည်။
အဲ ၀င်ထိုင်ပြီးတော့မှ ဘာလုပ်ရမှန်းမသိ။ ဘာက ဘယ်လိုစပြောရမှန်းမသိဖြစ်ရပြန်သည်။
ဟမ် ဒင်းက မခန့်လိုက်ပုံများ ခြေကလိမ်ချိတ်ပြီး ဒူးတောင်နန့်ပြနေသေး၏။
မဖြစ်သေးပါဘူး တစ်ခုခုတော့ပြောမှဖြစ်မယ်။
" ဟေ့လူ ခင်ဗျားက ဘယ်သူလဲ ဘာခိုးမလို့လဲ မှန်မှန်ပြောနော် မပြောရင် ကျွန်တော်အော်လိုက်မှာ "
အလဲ့ တယ်ဟုတ်တဲ့ငါပါလား။ဟိန်းထွက်လာသော ခပ်ပြတ်ပြတ်အသံကို ကျေနပ်မိသည်။
တော်ရုံတန်ရုံလူ အသံနဲ့တင်ဖျားသွားနိုင်၏။ အဲ မောင်မင်းကြီးသား သူခိုးကတော့ မဖြုံရေးချမဖြုံ။
" ကိုယ် အခုဘယ်နေရာမှာထိုင်နေလို့လဲ "
" ဧည့်ခန်းမှာဗျ "
" ဧည့်ခန်းဆိုတာ ဘာလုပ်ဖို့အတွက်ထားတာလဲကွ ကောင်လေးရ "
" ဧည့်ခန်းပါဆို ဧည့်သည်တွေကိုဧည့်ခံဖို့နေရာပေါ့ဗျ "
" အေး ရှင်းနေတာပဲ ကိုယ်ကဧည့်သည်တွေကိုဧည့်ခံဖို့ထားတဲ့နေရာမှာ
ထိုင်နေတဲ့အတွက်ဧည့်သည်ပေါ့ ကောင်လေးလဲဧည့်ခန်းထဲရောက်နေတဲ့အတွက်
ဧည့်သည်ပဲကွ ကိုယ်တို့ကဧည့်သည်ချင်းအတူတူပါပဲ "
" ဗျာ "
ဘယ့်နှယ်လူကြီးလည်းမသိ။ကိုယ့်အိမ်မှာ အချိန်မတော်ကြီးလာငုတ်တုတ်ထိုင်နေပြီးတော့
ကိုယ့်ကိုတောင် ဧည့်သည်ချင်းအတူတူပဲဖြစ်ရသေးတယ်။
" ဟေ့လူ ဝေ့လည်ချောင်ပတ်လုပ်မနေနဲ့ ခင်ဗျားဘယ်သူလဲ "
" ကိုယ့်နာမည်က ဂရေဟမ်ဂရင်း "
" ဂရေဟမ်တော့သိတယ် အဆိုတော်လေ ဂရေဟမ်ဂရင်းမသိဘူး "
" အင်မတန်သနားဖို့ကောင်းတာပဲ ဗဟုသုတကလဲ ခေါင်းပါးလိုက်တာ "
" ဘာဗျ "
" ကိုယ့်လိုကမ္ဘာကျော်ဗြိတိသျှ စာရေးဆရာကြီးတစ်ယောက်တောင်မသိဘူးဆိုတော့
ကောင်လေးရဲ့အဖြစ်ကသနားဖို့ကောင်းနေပြီ "
" ဗျာ ခင်ဗျား ခင်ဗျားက ဗြိတိသျှစာရေးဆရာကြီး ဂရေဟမ်ဂရင်းဆိုတာလား "
" ကောင်လေး သိတယ်လား "
" နာမည်ကြားဖူးရုံပါပဲ အဟဲ "
" အိမ်း သည်လောက်ဆိုရင်ပဲမဆိုးသေးဘူးလို့မှတ်ရမှာပဲ အဟတ် "
" ဒီမှာ ခင်ဗျားဘာသာ ဂရေဟမ်ဂရင်းဖြစ်ဖြစ် ဘာဂရင်းကြီးပဲဖြစ်ဖြစ်
အခုလိုညကြီးအချိန်မတော် သူများအိမ်ထဲလာထိုင်နေတာတော့ မကောင်းဘူးဆိုတာ
နားလည်သင့်တယ် အဲ့ဒီတော့ခင်ဗျားအေးအေးဆေးဆေးပြန်ပါ လူကြီးတွေနိုးသွားရင် မလွယ်ဘူး "
" စိတ်မပူပါနဲ့ကွ ဘာလူကြီးမှမရှိပါဘူး ဒီအိမ်ကြီးတစ်အိမ်လုံးမှာ ကိုယ်တစ်ယောက်တည်းနေတာ "
" ဘာရယ် "
ခေါင်းတစ်ခေါင်းလုံးချာချာလည်ထွက်သွားရသည်။
ကျွန်တော်ရောက်နေသော အခန်းထဲကိုသေချာပြန်ကြည့်လိုက်မိတော့ မျက်လုံးပါပြူးထွက်သွားရပြန်သည်။
ဒါကဘယ်လိုဖြစ်ရတာလဲ ။ငါထွက်လာတုန်းက ငါ့အခန်းပါဟ။ ငါဝင်ထိုင်လိုက်တာကလည်း
ငါ့အိမ်ဧည့်ခန်းပါပဲ။အခုမှချက်ချင်းလက်ငင်းကြီးဘယ်လိုကြောင့် အခန်းက
အပြင်အဆင်တွေပြောင်းနေရတာလဲ။ဒါ ဒါက ဂရေဟမ်ဂရင်းဆိုတဲ့လူကြီးရဲ့အိမ်လား။
ဒါဆို ငါ ငါက ဟိုက် ဒုတ်ခေါ ငါ သူခိုးဖြစ်နေပါကောလား။
ကျွန်တော့်တစ်ကိုယ်လုံးရှိမွှေးညှင်းပေါက်များမှ ချွေးစေးတွေအပြိုင်းအရိုင်း
စိမ့်ထွက်လာကြသည်။ ယခု ကျွန်တော်ရောက်နေတဲ့အခန်းက အကျယ်ကြီး။
ကျွန်တော့်အိမ်ထက် ၃ ဆခန့်ကျယ်မည်ထင်သည်။
အခန်းနံရံပတ်လည်မှာလဲ စာအုပ်တွေနဲ့အလှဆင်ထားသေး၏။
သေချာပါသည်။ ဒါ ကျွန်တော့်အိမ်မဟုတ်။
" ဘာတွေလဲကွာ "
စိတ်ညစ်ညစ်ဖြင့်ခေါင်းကိုရမ်းထုတ်ပစ်လိုက်သည်။
ညစ်နေသောစိတ်ကလွင့်ပါမသွား။
" ဘယ်လိုလဲကောင်လေး ကိုယ့်ကိုနှင်ထုတ်ဦးမလား "
" မနှင်တော့ပါဘူးဗျာ ဒါကျွန်တော့်အိမ်မှမဟုတ်တာ ဒါနဲ့ကျွန်တော်က
ဘယ်လိုဖြစ်ပြီး သည်အိမ်ထဲကိုရောက်နေရတာလဲဗျ ဘာမှကို နားမလည်နိုင်တော့ဘူး "
" ဒီလိုပဲကောင်လေး ကိုယ်တို့တွေက ကိုယ့်ကိုယ်ကိုဧည့်သည်လား
အိမ်ရှင်လားကောင်းကောင်း မဝေခွဲကြတတ်ဘူးကွ ကောင်လေးက အခု
အိပ်မက်မက်နေတာ "
" ဗျာ အိပ်မက် မက်နေတာ "
" အင်း ဟုတ်တယ် အိပ်မက်ထဲမှာ ကိုယ်နဲ့တွေ့နေတာ "
" ဟာ မဟုတ်တာ ကျွန်တော်အခုပဲ အိပ်မက်က လန့်နိုးလာတာဗျ "
" ကဲပါ ဒါတွေထားပါတော့ အိပ်မက်တွေက ဆန်းကြယ်လွန်းပါတယ်
ဒါနဲ့ ကောင်လေး ကိုယ့်စာတွေဖတ်ဖူးလား "
" ဟင့်အင်း စာအုပ်ကို ကိုင်မကြည့်ဖူးတာ "
" ဟားဟားဟားဟား ကောင်းပါလေ့ကွာ ကိုယ့်မှာတော့နောင်လာနောင်သားတွေအတွက်
ဆိုပြီး ကိုယ့်ဘ၀ရဲ့အချိန်တွေကိုရင်းနှီးမြုပ်နှံလိုက်ရတာ ကောင်လေးတို့ လူငယ်တွေက
ကိုယ့်စာအုပ်တောင် ကိုင်မကြည့်ဖူးကြတော့ပဲကိုးကွ ဟားဟားဟားဟား
ကောင်းတယ် ကောင်းတယ် "
ကျွန်တော့်ရှေ့က လူကြီးရဲ့ ရယ်သံက ခြောက်ကပ်ကပ်။ ရယ်တာနဲ့မတူပဲ ငိုနေသည်ဟုပင်
ထင်မိသည်။ ပိုင်းခြားထားသော အမှောင်စကြောင့် သူ မျက်ရည်ကျ မကျကိုတော့ သေချာမမြင်ရ။
" ကောင်လေး စာပေကိုစိတ်ဝင်စားလား "
" ဟုတ် နဲနဲပါးပါးတော့ လေ့လာဖြစ်ပါတယ် "
" ကိုယ်က လေ့လာဖြစ်လားမေးတာ မဟုတ်ဘူးလေ စာပေကို စိတ်ဝင်စားလားမေးတာ "
" စာအုပ်စာပေလူ့မိတ်ဆွေပဲဗျ စိတ်ဝင်စားတာပေါ့ "
" အင်း ဒါဆိုရင် စာပေနဲ့ပတ်သက်ပြီး ကောင်လေးအတွက် စကားတွေ
ကိုယ်လက်ဆောင်ပေးမယ် ဘယ်လိုလဲ နားထောင်မလား "
" နားထောင်မယ်ဗျာ ကြာသလားလို့ "
ဘာရယ်မဟုတ်။ လူကြီးပြောအားရှိအောင် ခန္ဓာကိုယ်ကို မတ်နေအောင် ပြောင်းထိုင်လိုက်ရင်း
ဂရုတစိုက် နားထောင်ပေးမိသည်။
" အေး ကောင်လေးတို့ မျက်မှောက်ခေတ်စာပေရေစီးကြောင်းမှာ ဝထ္ထုတွေက
သတင်းဆန်လာပြီး သတင်းတွေက ဝထ္ထုဆန်လာကြပြီကွ "
" ဗျာ ဟုတ် ဟုတ်လို့လား "
" ဟုတ်တာပေါ့ နောက်ထပ် အရမ်းဝမ်းနည်းဖို့ကောင်းတာတစ်ခုက ရသဆိုတာကို
စာပေလုပ်သားတော်တော်များများ သေချာနားမလည်ကြတော့ဘူး "
" ဘယ်လို "
" ဒီလိုကွ အခုလောလောဆယ် ကိုယ်တွေ့နေမြင်နေရသလောက်မှာ
ရသစာပေအများစုဟာ သုတဘက်ကို တော်တော်ကြီးယှက်နွယ်သွားကြပြီ
ရသစာပေ စစ်စစ်မရှိသလောက်ဖြစ်နေတယ် ရသနဲ့သုတ ကြားမှာ ခြားထားတဲ့
နံရံကလဲ ပျောက်ကွယ်လုနီးနီး အခြေအနေကို ရောက်လာပြီ "
" ဟာ ဟုတ်လို့လား ဒါဆို ရသနဲ့သုတ က ဘယ်လို ကွာ တာလဲဗျ "
" အင်း ဒီလိုရှိတယ် ကောင်လေးရ ရသစာပေဆိုတာက အနုသဘော ၊
သုတဆိုတာက အမာသဘောလေ ရသနဲ့သုတ ရဲ့အဓိက ကွာခြားချက်က........."
ကလင် ကလင် ကလင်
ကလင် ကလင် ကလင်
ကလင် ကလင် ကလင်
ဟာကွာ သည်နာရီကတစ်မှောင့်။
၆နာရီအတိမှာ ထမြည်လာသော နာရီနှိုးစက်သံကြောင့် ကျွန်တော်လန့်နိုးလာရပြန်သည်။
ငါ အလန်း ပေးထားမိလို့လား? အာ မသိတော့ဘူး။
နာရီကို အလန်း ပေးမိလား မပေးခဲ့ဘူးလား ဆိုတာ ဇဝေဇ၀ါဖြစ်နေရ၏။
ငါအလန်း မပေးဘဲနဲ့တော့ သည်ကောင်ကြီး ထအော်မှာ မဟုတ်ပါဘူး။
ငါပဲ မေ့နေတာဖြစ်မယ် ။ တောက်ခ် သည်တစ်ညလုံး ဘာတွေဖြစ်နေမှန်းကို မသိဘူး။
အိပ်မက်တွေချည်း ထပ်တလဲလဲ မက်နေပါကောလား ။
နှိုးစက်ကို ထပိတ်လိုက်ပြီး အိပ်ယာပေါ်မှာပင် ဆက်လှဲနေမိသည်။
လက်ရှိအချိန်ကကော အိပ်မက်ထဲမှာပဲလား ဒါမှမဟုတ် ငါတကယ်ပဲ
အိပ်မက်ထဲက နိုးထလာတာလား ။
ကိုယ့်ကိုယ်ကို မယုံမရဲပြန်မေးမိသည် ။ အဖြေကလည်း မရဲ ။
ကျွန်တော် အိပ်မက် ထဲက နိုးထလာတာဖြစ်နိုင်သလို အိပ်မက်ထဲမှာပဲ
သံသရာလည်နေတာလဲ ဖြစ်နိုင်ပါသည်။
" အိပ်မက် လား တကယ်လားသိချင်ရင် ကိုယ့်အသားကို ပြန်ဆိတ်ကြည့်
သိနိုင်တာပဲ မနာရင်အိပ်မက် နာရင်လက်တွေ့ဘ၀ပေါ့ကွ တောက်
ငါ ဒါကိုဘာလို့ မေ့နေပါလိမ့် "
အခန်းနံရံသာ ဖော့တုံးဖြင့် ပြုလုပ်ထားသည်ဆိုပါက ခေါင်းဖြင့် အကြိမ်ကြိမ်
ပြေးဆောင့်ပစ်ချင်လောက်အောင် ကိုယ် တုံးအပုံ သောက်သုံးမကျပုံ ကို စိတ်တိုနေမိသည် ။
" ကဲ ဆိတ်တယ်ကွာ "
" အား လား လား နာ တယ်ဟ "
" ဒါဆိုသေချာပြီ ငါအိပ်မက်ထဲက နိုးထခဲ့ပြီပေါ့ ဟေးဟေး "
ဘာကြောင့်ရယ်မသိ ။ ပျော်ရပါသည် ။
အချစ်ရေ
အိပ်မက်ဆိုတာ နိုးထရမယ့်အမျိုးဆိုပေမယ့်
လန့်လန့်နိုးလာတဲ့အခါ
အသက်ဓာတ်ကလေး ပါမလာတော့ဘူးရယ် ။
ကိုယ့်မှာ
ထ " ထ " ယောင်နေရတာနဲ့ပဲ
ညရေးညတာတွေ ပိန်ချိလို့ ။
အိပ်ရေးပျက်ညတွေများလာတော့ အိပ်မက်တွေလဲ ကမောက်ကမ.....
တချို့တ၀က်က ၀မ်းစာမပြည့်ခဲ့ရှာဘူး..........။