Tuesday, November 20, 2012

ရူးသွပ်ရဆုံးသော ဇာတ်လမ်းတစ်ပုဒ်မှာ ရူးသွပ်ခြင်းသည် ၀၀လင်လင်




" စံပယ်ရေ

မင့်ကို ချစ်တယ် ဆိုတာ

နှင်းက ဆောင်းကိုချစ်သလို

တီတစ်ကောင်က မြေကိုချစ်သလို

ကြိုးကြာငှက်တို့ အမိမြေကိုချစ်သလို

မင့်ကို ငါလည်း စူးစူးနင့်နင့် ချစ်ခဲ့ "  


           အဲ့သလို ကြေကွဲသီချင်းနဲ့ပဲ နေသားကျချင်ယောင် ဆောင်နေပါတယ် ။

 ဆေးလိပ်တွေ တအားသောက်တာပဲ     ဆိုတဲ့အသံလေး ဝေးသွားပြီးနောက်မှာ

ဆေးလိပ်တွေပိုသောက်ဖြစ်လာတယ် ။ လိုတာထက် ပိုပြုံးပြဖြစ်လာတယ် ။

ကိုယ့်ဘာသာစကားနဲ့ကိုယ် ဆွံ့အသွားတယ်  ။  တစုံတရာကို ယုံကြည်သင့်

မယုံကြည်သင့်ဟာ  အရင်လို  ပြဿနာမဟုတ်တော့ဘူး ။  ယုံကြည်လိုစိတ်

ခမ်းခြောက်လာတယ် ။ တစ်ယောက်တည်း လမ်းက ကြမ်းလိုက်တာကွယ် ။

ကိုယ့်စိတ်နဲ့ကိုယ် ၀င်လာခဲ့ပြီး ဆိုတော့ လွယ်လင့်တကူ ပြန်မဆုတ်ခွာဖြစ်ဘူး ။

တကယ်ဆို စ ၀င်ခဲ့ကတည်းက လမ်းကိုအမှတ်အသားမပြုခဲ့သလို ခြေလှမ်းတွေကိုလည်း

မရေတွက်ခဲ့ပဲလေ ။ ကျွန်တော်ဘယ်ကိုရောက်နေပြီလဲ ။

ဘယ်လိုဆက်သွားရမှာလဲ ဟင် ။  သိပ်မှောင်တာပဲ ။ အနက်လား ။ ခရမ်းလား ။ မသဲကွဲဘူး ။

အလင်းကိုရှာတော့ ဘုံဆိုင်လေးတွေ့တယ် ။     


            အဲ့သည်ဘုံဆိုင်လေးမှာပေါ့ ။    " ကျေးဇူးတင်ပါသည် ' ကို မတင်းတိမ်နိုင်လို့

နောက်တစ်လုံး ထပ်ဖွင့်ချလိုက်တော့  အဖုံးမှာ  " ကျေးဇူးတင်ပါသည် " ပဲ ထပ်တွေ့တယ် ။

ကြေကွဲရပါတယ် ။ ဘာကို ရိုးမယ်ဖွဲ့ပစ်သင့်သလဲ ။  ထားလိုက်ပါ ။ ကျွန်တော် မမူးသေးပါဘူး ။

အဲ့ဒါကြောင့်မို့ ကံထမ်းလာတာကို မြင်တာပေါ့ ။ မဟုတ်သေးဘူး ။

ကံထမ်းလာသူကို မြင်လိုက်တာပါ ။

"  ဟေ့ ငါ့ဆီက လိုချင်တာယူသွား ငါ့အတွက် ကျေးဇူးတင်ပါသည် တစ်လုံး ထပ်ချပေး "

ချစ်မိသူပဲလေ ။ ခွင့်လွှတ်ရမှာပေါ့ ။ ခွင့်လွှတ်ပါတယ် ။



"  သေရာပါ ဆိုတာ

ဘယ်နှစ်ကြိမ် ကုလားဖန်ထိုးချဦးတော့

တငွေ့ငွေ့ပဲမဟုတ်လား

အရာရာဟာ တငွေ့ငွေ့ပဲ

ကိုယ့်လက်ကြားက စီးကရက်လို

လှုပ်လှုပ်ရွရွ မြို့ပြကြီးလို

ကြပ်ကြပ်ထုတ်ထုတ် ညနေခင်းလို

သည်လမ်းထဲ

ဘယ်ငှက်တွေများအသက်ရှူရတာ ၀ခဲ့ဖူးလို့လဲ

ကိုယ့်အလွမ်းဟာ ထင်ရာစိုင်းခဲ့ "   


           အဲ့သည်ညနေက အပိုင်းပိုင်း အတစ်တစ် ပြိုကျလာပြီး တတ်သလောက် မှတ်သလောက်နဲ့

ဖုတ်ဖတ်ခါပြန်ထသွားတဲ့ ကောင်းကင်ကို မြင်လိုက်တယ် ။  မှိုင်းညို့ရီမှောင် လို့ ။ ပွန်းပေရိဆွေးလို့ ။

ဝမ်းနည်းလိုက်တာ ။ မှင်တက်  တစ်စို့ သွားရရုံကလွဲပြီး ငြင်းဆန်ခွင့်မရှိတဲ့အခါ

ကျွန်တော်လည်း  ပြန်လာချင်ပါတယ် မေမေ ။ ဒါပေမယ့် " တစ်နေ့နေ့တော့ " ဟာ

ကျကွဲသွားပြီ ။ ဒါကို ကံတရားလို့ခေါ်ကြသလား ။

စံပယ်တွေ ကံတရားအလျောက်  လွင့်စင်ကျလာတတ်ပါသလား ။



" သဗ္ဗေသတ္တာ ကမ္မသကာတရားမှာ

တီးမိခေါက်မိရုံသာရှိခဲ့တော့လည်း

အရာရာ တလိမ့်ခေါက်ကွေး ပြုတ်ကျကျန်ရစ်   "


         " မေ့နိုင်မှာပါ တဲ့ "  ထက်ပိုင်းဖြတ်ချသွားတဲ့ အဲ့သည်တောင်ပံလေးကိုတောင်

မေ့မေ့ပျောက်ပျောက် မထားရစ်နိုင်ခဲ့တာပါ ။  ကြွေကျပြီးသားပန်းမို့ ချေမွပစ်လိုက်ဖို့

ဝန်မလေးလေရော့သလား ။ တဖျတ်ဖျတ်ခါရင်း  နာနာကျင်ကျင်ပဲ  နွမ်းခြောက်ပေးလိုက်ရတဲ့

ပန်းကို   ကျေးဇူးပြုပြီး  အမြုံလို့တံဆိပ်မကပ်လိုက်ပါနဲ့ ။ မီးဝိုင်းခံထားရတဲ့ အတွေးဟာ

မီးပဲ  ထ ထတောက်ပါတယ် ။ ဖူးပွင့်ဝေစည်ခြင်းသည်သာ အလှတရားပေပဲလား ။

ဒီလိုဆို  ခေါင်ရမ်းတွေချည်း ဖူးပွင့်ခဲ့ရင် သိပ်ကောင်းမှာပဲ ။

 ကြေကြေကွဲကွဲ ရယ်မောမိတာတွေ သိပ်များလာတယ် ။



" ဘာကိုမှ မိမိရရဖမ်းဆုပ်ခွင့်မရသေးခင်

နှုတ်ဆက်လိုက်ပါတယ်

သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ   "


          တကယ်တော့ ရွေးချယ်ခံလိုက်ရတယ်ဆိုပေမယ့် ကနဦးအစထိ ပြန်သွားကြည့်မယ်ဆို

ကျွန်တော် ရွေးချယ်ခုန်ဝင်ခဲ့တဲ့ မျဉ်းတွေပါပဲ ။ အရွေးချယ်ခံရဖို့ ရွေးချယ်ခဲ့ကြသလိုမျိုးပေါ့ ။

ရှိစေတော့ ။ ရှိပါစေတော့ ။ သွားလိုရာသွားပါ ငှက်ငယ်။  သင်လည်း လွတ်ရာကျွတ်ရာဆီ

ပျံသန်းချင်ရှာမှာပေါ့ ။ သံယောဇဉ်ဟာ ချုပ်နှောင်ဖို့သက်သက် ဖြစ်တည်လာခဲ့တာ မဟုတ်မှန်းတော့

တစ်နေ့ နားလည်နိုင်ပါစေကွယ် ။  ဒီလိုနဲ့ပဲ ကျေနပ်ပေးလိုက်ပါမယ် ။ စိတ်ချမ်းသာအောင်နေပါ ။

အဆင်ပြေနိုင်ပါစေ ။ ကိုယ်တော့ ကိုယ့်အသက်ကို မီးပြန်ညှိရင်း ရှူသွင်းမှုတ်ထုတ်

အနာမကျက်မယ့်ဆေးကိုသာ စိတ်လိုလက်ရ မှီဝဲလို့ " အတ္တသမံ ပေမံနတ္ထိ " အဆို ကို

ပုန်ကန်နေအုံးမယ် ။          ။



No comments:

Post a Comment