Saturday, October 27, 2012

ဝေဒနာပြခန်း



လေ….

ငါ့ဆီကို သယ်ဆောင်လာတယ်။ ငါ့ဆီက သယ်ဆောင်သွားတယ်။

အဖြစ်သနစ်တို့ မစုံလင်သေးသရွေ့ အာရုံငါးပါးဟာ အတ္တရဲ့ ခိုလှုံရာ အလယ်

ကြယ်ပန်းတွေကို ခူးပေး မေမေ … ချစ်ခြင်းမှာ တမေ့တမောနဲ့ မောလျ

ရောချလိုက်ရတာ အားနာမှုတွေနဲ့ .. ဒီတစ်ခါဆို လမစေ့ဘဲ ခံစားချက်တွေ

သားလျှောတာ အခါခါ…

ဟေ့ ကြယ်တွေ  သွေးရိုးသားရိုး လင်းလက်ပေး ။

အဆိုးဝါးဆုံးအခြေအနေကို လွန်မြောက်ပြီးချိန်ဟုဆိုရာတွင်

အလားတူကြေကွဲခြင်းမျိုး ထပ်တွေ့ရဦးမလား

နက်ဖြန်ခါဟာ မလွတ်လပ်သေးဘူး  ဒီနေ့လို သူတို့

စကားတွေအများကြီးပြောခဲ့ကြဖူး ငါတို့

ဝေဒနာကြားက ရယ်ကြရဖူး တငွေ့ငွေ့  တရွေ့ရွေ့

ပြက်လုံးတွေဟာ ဆယ်စုနှစ်မှ ရာစုနှစ်သို့ ရွေ့ကြပါလေပြီ ။

ကုန်လွန်ခြင်း အဆုံးမှာ ငါဟာ ဇာတ်လမ်းမဲ့နေတဲ့ နိဒါန်း

အစပျိုး ယုံကြည်မှုတွေဟာ မြေသြဇာ မကောင်းခဲ့ဘူး

သံသရာဟာ ဒီလောက်နဲ့ ရှတတ .. ပြသဖို့ လိုအပ်ခြင်း ….. (အလွဲ)

ခံစားမှုတွေကို ပွတ်သပ်ကြည့် … စကားတွေမှာ ငလျင်စကေးနဲ့ မိုးရေချိန်လက်မတို့

ပျံသန်း … ကောင်းကင်ဟာ မိုးတိမ်ကို ထမ်းပြန်ခဲ့တဲ့လမ်း

အိမ်တစ်လုံးက အမိုးမဲ့နေခဲ့တယ် … လွမ်း

ဇူလိုင်ရေ ငါတို့ရပ်နေတာ ဖုန်းဆိုးမြေလား

ငပုတ် ခံတွင်းက လ ကို ပြန်ယူနိုင်ခွင့်မရှိတော့ပြီလား

ငါတို့ကံတရားက ဘယ်လိုအမှားမျိုးမို့  အမှောင်ဟာ သွေးမတိတ်နိုင်ဖြစ်နေရတာလဲ

အသွေး ၊ အသား ၊ ၀ိဥာဉ် ၊ လက်ဖျံရိုးအစင်းစင်း ပစ်ထည့်ခဲ့တာတောင်

ငါတို့ စိုက်ခင်းမှာ ငြိမ်းချမ်းပန်းဟာ မြုံခဲ့ရ ။ မှိုင်းညှို့နေတုန်းပဲလား ဇူလိုင်

မှိုင်းညှို့နေတုန်းပဲ ။  လွဲပြီးမှ မတည့်ပြန်တဲ့ အလွဲတွေပဲ အစွဲ

“ခင်ဗျားအဖေပြောခဲ့တဲ့ ခင်ဗျားဟာ ခင်ဗျားအဖေကို ကိုယ်စားမပြုတော့ဘူး”

သေရာပါခြင်းခြေလှမ်းကို အလှမ်း အရိပ်က ခေတ်နောက်ပြန်ဆွဲဖို့ မတားဘူး

ရူးသွားခဲ့တယ် …

ဟေး ငါတို့ လရောင်ပြန်ပေးပါ ။ ငါတို့ အလင်းပြန်ပေး ။

အသံ အသံ တွေ အသံတွေဟာ အက်ကွဲပြတ်ကျ သွားရုံထက်

ပိုမလာနိုင်ခဲ့တာ ၊ ရုပ်သံ သတင်းစာ ရေဒီယို အို အားလုံးပဲ

ဆက်သွယ်မှုရေးရာအဖြာဖြာ  မှာ  ငါတို့က အသံကိုလက်ခံသူသက်သက်ထက်

ပိုမလာနိုင်ခဲ့တာ (ကြေကွဲ) ဒုတ္ခကို နောက်ဒုတ္ခနဲ့ပေါက်ပြီး သောကကို

နောက်သောကနဲ့ကျားကန်ပြီး  ဘ၀တွေ အထက်သွားနဲ့အောက်သွားကို

တကျိကျိမြည်အောင် ကျိတ်ခွဲလို့

ဟေး ငါတို့ လရောင်ပြန်ပေးပါ ။ ငါတို့အလင်းပြန်ပေး ။

အသံ အသံတွေ အသံတွေဟာ တဖြတ်နဲ့ တဖြတ်ကြား အရှိန်မြင့်မြင့်လာ ။

ပန်းတိုင်ဟာ … တိုင်တွေနောက်ကွယ်မှာ ပန်းတွေပွင့်လို့

အမှားကို အာရုံပြုလို့ စကားကို မျက်ကွယ်ပြု ။ ဆု

ငါ(တို့)တောင်းလိုက်တယ် မနက်ဖန်ခါတိုင်း …….

                                                                                     ရင်နင့်အောင် ၊  ဇင်မျိုး


No comments:

Post a Comment