Monday, October 22, 2012

ရှုပ်ထွေးအလင်းများနဲ့ အမှောင်ထဲမှာ တွေဝေ




လောင်ကျွမ်းခြင်းမှာလည်း အလင်းနဲ့

ဆိုတော့

တစ်လှမ်းချင်း မှားယွင်းခဲ့ပုံ

ပြန်မကြည့်ရဲဘူး

သွေးသံတရဲရဲ ညနေခင်းတိုင်းကို ကြောက်တယ်

ချွေးသံတရွှဲရွှဲ နေ့ရက်တိုင်းကို ကြောက်တယ်

လွမ်းမောစရာအဖြစ်သာ ထုတ်ပိုးလိုက်ရ တဲ့/မယ့်

အပျော်တွေကို ကြောက်တယ်

ကိုယ့်အကြောက်တရားကိုလည်း ကြောက်တယ် ။ ဆိုးတာပဲ ။

ဘ၀မှာ

ကိုယ့်ကိုခုတ်ထစ်ခဲ့ကြသလို

ကိုယ်ကလည်း ခုတ်ထစ်ပစ်ခဲ့ဖူး

ပျံသန်းခဲ့ရာ

ရာသီတွေကို စစ်ချကြည့်ဖြစ်တော့

ဘ၀ဟာ အမှောင်ပဲ

ပစ်ခွင်းလိုက်သမျှကလည်း

အနှောင်အဖွဲ့အဖြစ်သာ နစ်မြုပ်ခဲ့ရ

အဲ့သမှာ

ရုန်းရင်း ကန်ရင်း တွေဝေ ။

ငြိမ်းချမ်းခြင်းဟာ ကိုယ်နဲ့ အဝေးဆုံးရဲ့အဝေးမှာ

ဒါကို

တွေဝေမိန်းမောရင်း လုံးထွေးသတ်ပုတ်ရင်း

အနာအဆာတွေသာ အဖတ်တင်ခဲ့ရ

ဒါဟာ

လောကဓံပဲလို့ ဖြေတယ် ။ မပြေဘူး ။

ကိလေသာကို စာလုံးပေါင်းချဖြစ်တိုင်းလည်း အလွဲ

တစ်လမ်းချင်းထဲ

ကိုယ့်အပူလောက် ဘယ်မီးမှ ပိုမိုမခမ်းနားနိုင်တာ သိခဲ့

ကိုယ့်ဥယျာဉ်ထဲ

ကိုယ်ပျိုးခဲ့သမျှတွေနဲ့အတူ

ကိုယ်မပျိုးတာတွေလည်း အလေ့ကျ ပေါက်တတ်တာ သိခဲ့

ထွေရာလေးပါးအရိုင်းပန်းတွေကို သိခဲ့

အသိဟာ အသိထက်ပိုမလာနိုင်ခဲ့တာလည်း သိခဲ့

ကိုယ့်ဖတ်စာကိုယ်ပြန်ဖတ်ဖြစ်တိုင်း

ကိုယ့်အရိပ်က ကိုယ့်စိတ်ကို သတ်တယ် ။ သေရတာပဲ ။

အကြိမ်ကြိမ် အံကြိတ်ပြန်ထခဲ့တာတွေ

နောက်တစ်ကြိမ်ထပ်သေဖို့အတွက်လား

မသေချာဘူး  လူ့အဖြစ်မှာ

နောင်တတွေကိုရိတ်ချလိုက်တော့

နောင်တတွေသာပြန်ပေါက်လာ ။

ကိုယ့်အတ္တက

ကိုယ့်အသက်ထက်နှာတစ်ဖျားသာနေတာချည်းပဲ ။ ခက်တယ် ။

မလွယ်ဘူး ကိုယ်ဟာ  ကိုယ့်သေတွင်းကလွတ်မြောက်ဖို့

ကိုယ့်မာတိကာကို မြှုပ်နှံဖို့

သံသရာဘယ်နှစ်ပတ်လည်ပေးရဦးမှာလဲ  တွေဝေ  ။


1 comment: